Friday, November 30, 2012

ထားဝယ် ရေနက်ဆိပ်ကမ်း ကဏ္ဍခွဲ၍ ရင်းနှီးမြုပ်နှံရန် တတိယ နိုင်ငံများကို ဖိတ်ခေါ်

ရေနံဓာတု စက်ရုံ အမြောက်အမြား လာရောက်နိုင်ခြေ ရှိခြင်းကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် များအပါ အဝင် ဒေသခံ များပါ ထောက်ပြ ပြောဆိုလျက် ရှိသော ထားဝယ် ရေနက် ဆိပ်ကမ်းကို ဧရိယာ တစ်ခုချင်း အလိုက် ခွဲခြမ်း တည်ဆောက် နိုင်ရေး တတိယ နိုင်ငံများ ကိုပါ ရင်းနှီးမြှပ်နှံ နိုင်ရန် ဖိတ်ခေါ်ထား ကြောင်း အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ကံဇော်က ပြောကြားသည်။

အထက်ပါ ပြောကြား ချက်ကို ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်က နိုဝင်ဘာလ ၂၁ ရက် နေ့တွင် ဖနွမ်းပင်ရှိ ကမ္ဘောဒီးယားနား ဟိုတယ်တွင် မြန်မာ သတင်းထောက် များနှင့် တွေ့ဆုံစဉ် ပြောကြား သည်။
"လက်ရှိ ရင်းနှီး မြုပ်နှံ နေတာ မြန်မာနဲ့ အီတာလျံ ထိုင်း ကုမ္ပဏီက ဆောင်ရွက် နေတာ ဆိုတော့ တတိယ မြောက် နိုင်ငံ ပါဝင် လာနိုင်အောင် ဖိတ်ခေါ် ခဲ့တာ၊ နိုင်ငံ တစ်ခုတည်း အနေနဲ့ သီးခြား ဖော်ပြ ထားတာ မဟုတ်ဘဲနဲ့ တတိယ နိုင်ငံများ ပါဝင် လာနိုင်အောင် ဖိတ်ခေါ် ထားပါတယ်” ဟု ဒေါက်တာ ကံဇော်က ဆိုသည်။

တတိယ နိုင်ငံများဟု ဆိုရာတွင် အာဆီယံ နိုင်ငံများ၊ အရှေ့အာရှ၊ သြစတြေးလျ၊ နယူးဇီလန်၊ ဥရောပ နှင့် အမေရိကန် ပြည်ထောင်စု မှ ရင်းနှီး မြုပ်နှံသူ များကိုပါ ဖိတ်ခေါ် ထားကြောင်း ၄င်းက ပြောဆိုသည်။ ထားဝယ် ရေနက် ဆိပ်ကမ်း ၏ ဧရိယာ မှာ အရှေတောင် အာရှ တွင် အကြီးမားဆုံး ဖြစ်နေ၍ တတိယ နိုင်ငံ များကို ရင်နှီးမြုပ် နှံရန် ဖိတ်ခေါ် ရ ခြင်းဖြစ် ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော် က ဆက်လက် ပြောကြားသည်။

ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိက လုပ်ဆောင် သူမှာ ထိုင်းနိုင်ငံမှ အီတာလျံထိုင်း ကုမ္ပဏီ ဖြစ်ပြီး မြန်မာနိုင်ငံ ဘက်မှ ရင်းနှီး မြုပ်နှံသူ အဖြစ် ထားဝယ် ဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီ ကို တည်ထောင်ကာ ရှယ်ယာများ ဖိတ်ခေါ် ဆောင်ရွက် နေကြောင်း၊ အများပိုင် ကုမ္ပဏီ တည်ထောင် ဆောင်ရွက်ခြင်း ဖြစ်သည့် အတွက် ပြည်သူများပါ ပါဝင် နိုင်မည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

နိုဝင်ဘာ ၁၄ရက် နေ့က ဗြိတိန် နိုင်ငံ သို့ ရောက်ရှိ နေခဲ့သော ထိုင်း ဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်တရာ သည် ထားဝယ် စီမံကိန်း၏ မဟာဗျူဟာ နှင့် ယင်း စီမံကိန်း အပေါ် မူတည်၍ ချိတ်ဆက် ဆောင်ရွက် နေပုံကို ဗြိတိန် လုပ်ငန်းရှင် များကို ဆွေးနွေး ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းက တောင်ကိုရီးယား သမ္မတနှင့် တွေ့ဆုံစဉ် ကလည်း ထားဝယ် စီမံကိန်း၏ အရေး ပါပုံကို ယင်လတ် က ထည့်သွင်း ပြောဆို ခဲ့သေးသည်။
“ထိုင်းနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံက ထားဝယ် ရေနက် ဆိပ်ကမ်း အကောင်အထည် ဖော်ရေးနှဲ့ ချွန်ဘူရီခရိုင်၊ လန်ချဘန် ရေနက် ဆိပ်ကမ်းတို့ မဟာဗျူဟာ ကျကျ ချိတ်ဆက် နိုင်ရေး ကြိုးပမ်း နေပါတယ်” ဟု ၎င်းက ဆိုသည်။ ထိုင်း ပင်လယ်ကွေ့ နှင့် အိန္ဒိယ သမုဒ္ဒရာကို ချိတ်ဆက်မည့် ယင်းဆိပ်ကမ်း နှစ်ခုကြား လမ်းနှင့် ရထားလမ်း များကို မြန်မာနှင့် ထိုင်း အစိုးရ ချင်းက စီစဉ် အကောင်ထည် ဖော်နေသည်။

အဆိုပါ ထားဝယ် ရေနက် ဆိပ်ကမ်းကို ၂ဝ၁၅ ခုနှစ် တွင် အပြီးသတ် တည်ဆောက် နိုင်ရန် အတွက် ကမ္ဘောဒီး ယား ဖနွမ်းပင်မြို့ တွင် ကျင်းပသော အာဆီယံ ထိပ်သီး အစည်းအဝေး ပွဲ အတွင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်လပ်ရှင်နာထရာဝပ် တို့ တွေ့ ဆုံစဉ် သဘော တူခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှာနာထရာဝပ် နှင့် စီးပွားရေး လုပ်ငန်း ရှင်များ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၂ခုနှစ် ဒီဇင်ဘာ လလယ်တွင် မြန်မာ နိုင်ငံ သို့ လာရောက်ပြီး ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းကို လာရောက် လေ့လာမည် ဖြစ်ကြောင်း ထိုင်း သတင်းစာ များက ဝိုင်းဝန်း ဖော်ပြလျက် ရှိသည်။

No comments:

Post a Comment