ရန်ကုန်၊ နိုဝင်ဘာ ၂၈
ရန်ကုန်မြို့၏ ဒုတိယမြောက် ခုံးကျော် တံတား ဖြစ်သည့် ဘုရင့်နောင် ခုံးကျော် တံတားသစ် စီမံကိန်း အကြီးစား ဆောက်လုပ် မှုများ ၂ဝ၁၂ခုနှစ် ဒီဇင်ဘာ တွင် စတင် တည်ဆောက် မည် ဖြစ်ကြောင်း ယင်း စီမံကိန်း ကို ဆောင်ရွက် နေသည့် FMI Co.,Ltd. မှ အမှုဆောင် ဒါရိုက်တာ ဦးလင်းမြိုင်က ပြောကြားသည်။
တံတား စီမံကိန်း ၏ အကြီးစား ဆောက်လုပ်ရေး လုပ်ငန်းများ အတွက် လမ်းသား ချဲ့ထွင်မှု ငါးဆယ် ရာခိုင်နှုန်း ကျော် ပြီးစီး နေပြီး ဘုရင့်နောင် တံတားဘက် အခြမ်းကို ပိုင်များ စတင် ရိုက်နေပြီ ဖြစ်ကြောင်း လည်း ၎င်းက ဆက်လက် ပြောပြသည်။
“အခုက လမ်းရှင်း စနစ် ပြီးသလောက် ရှိပါပြီ၊ လာမယ့် ၂၀၁၃ မကုန်ခင်မှာ ပြီးစီးဖို့ လုပ်နေ ပါပြီ’’ ဟု ၎င်းက ဆိုသည်။
ယခုနှစ် ဇွန်လ အတွင်း စတင် လုပ်ကိုင် နေသည့် စီမံကိန်း အတွက် လျှပ်စစ် မီးတိုင်များ ရွှေ့ခြင်း၊ မြေအောက် ဖုန်းကြိုး များ၊ မြေအောက် ဓါတ်ကြိုး များ၊ ဂတ်စ် ပိုက်လိုင်းများ၊ အင်တာနက် ကေဘယ် ကြိုးများ ပြောင်းရွှေ့ တပ်ဆင်ခြင်း နှင့်အတူ လမ်းသား ချဲ့ထွင်မှု များကို သက်ဆိုင်ရာ ဌာန များနှင့် လုပ်ကိုင် ဆောင်ရွက်ခြင်း များကို ဦးစွာ လုပ်ဆောင် ခဲ့ရသဖြင့် တံတား တည်ဆောက်သည့် အချိန် အနည်းငယ် နောက်ဆုတ် ခဲ့ရကြောင်း လည်း ၎င်းက ဆက်လက် ရှင်းပြသည်။
ရန်ကုန်မြို့၏ ယာဉ် လမ်းကြော ရှုပ်ထွေးမှု များပြားသော နေရာများ ဖြစ်သည့် ရွှေဂုံတိုင်၊ လှည်းတန်းနှင့် ဘုရင့်နောင် တို့တွင် ဂုံးကျော် တံတားများ တည်ဆောက် ခြင်းကို ၂၀၁၂ ခုနှစ် အတွင်း စတင် ဆောက်ရွက်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ ဌာန (လမ်းနှင့် တံတား) ထံမှ သိရသည်။
အဆိုပါ ဘုရင့်နောင် ဂုံးကျော် တံတားကို နှစ်ထပ် တံတား အဖြစ် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခု ဖြစ်သော FMI ကုမ္ပဏီ က တည်ဆောက်မည် ဖြစ်ကြောင်း ယင်း တည်ဆောက်မည့် ကုမ္ပဏီ ထံမှ စုံစမ်း သိရသည်။ အမေရိကန် ဒေါ်လာ ၂၅သန်းခန့် ကုန်ကျမည် ဟု ခန့်မှန်းရပြီး ၂၀၁၃ ခု နှစ်ကုန်ပိုင်း တွင် ပြီးစီးမည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီ အမှုဆောင် ဒါရိုက်တာ ဦးလင်းမြိုင်က ပြောကြားသည်။

No comments:
Post a Comment