Friday, November 30, 2012

ဒုသမ္မတ ညီ အယောင်ဆောင်၍ သိန်းတစ်ထောင်ကျော် လိမ်လည်မှု စုံစမ်းဆဲဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ ညီဟု လိမ်လည် ပြောဆိုပြီး ရမည်းသင်း ရွှေလုပ်ကွက် တွင် ရွှေ တူးဖော်ရန် တရုတ် နိုင်ငံသား တစ်ဦး ထံမှ လွန်ခဲ့သော ဧပြီလမှ အောက်တိုဘာ လအတွင်း သန်းပေါင်း တစ်ထောင်ကျော် ကို လိမ်လည် ခဲ့သည့် အမှု နှင့်ပတ်သက်ပြီး နိုဝင်ဘာလ ၂၉ ရက်နေ့ အထိ လိမ်လည် ခဲ့သူကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံး ထံမှ သိရသည်။

အဆိုပါ ဖြစ်ရပ်ကို ၂၁ ရက် နေ့တွင် အလိမ် ခံရသည့် အသက် ၅၀ အရွယ် တရုတ် နိုင်ငံသား Mr.Wang Qiang ထံမှ အသက် ၄၀ အရွယ် မြန်မာ စန်းသီအောင် စက်မှု ထုတ်လုပ်မှု ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာဟု ဆိုသူ စိုင်းအိုက်ခမ်း က အမေရိကန်ဒေါ်လာ ၅၅၀၀၀ နှင့် မြန်မာငွေ ၁၃၇၃ သန်း အပါအဝင် စုစုပေါင်း ငွေပမာဏ သန်း ၁၅၇၀၀ ကို လိမ်လည် ခဲ့သည် နှင့် ပတ်သက်၍ နိုဝင်ဘာလ ၂၁ရက် နေ့တွင် ကမာရွတ် ရဲစခန်းတွင် တိုင်ကြား ခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၂ ခုနှစ် ဧပြီလတွင် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ၏ ညီဟု ဆိုသူ စိုင်းအိုက်ခမ်း က အစ်ကို ဖြစ်သူ ဒေါက်တာ စိုင်းမောက်ခမ်း ထံ ရမည်းသင်း ရွှေလုပ်ကွက် တွင် လုပ်ကိုင်ခွင့် ရရှိရန် ပြောပေးမည် ဟုဆိုကာ အမေရိကန် ဒေါ်လာ နှစ်သောင်း ကိုတောင်းခဲ့ သောကြောင့် Allen Investment Development Inc မှ ကိုယ်စားလှယ် Mr. Wang Qiang က ကန်ဒေါ်လာ နှစ်သောင်း ကို ထုတ်ပေး ခဲ့ကြောင်း Mr. Wang Qiang က The Voice Weekly သို့ ပြောကြားသည်။

ယင်းနောက်ပိုင်း တွင် လိုအပ်သည့် ငွေများကို စိုင်းအိုက်ခမ်း ထံသို့ ထပ်မံ ပေးခဲ့ပြီး ၂၀၁၂ ခုနှစ် မေလ အတွင်း ရန်ကုန်၊ မန္တလေးမြို့ နှင့် နေပြည်တော် တွင် ပူးပေါင်း ဆောင်ရွက်ခြင်း သဘောတူ စာချုပ် ချုပ်ဆို ခဲ့ပြီး အမေရိကန် ဒေါ်လာ ၃၅၀၀၀ ပေးအပ် ခဲ့ကြောင်း၊ ထို့နောက် ရန်ကုန်တွင် ထပ်မံ၍ ရွှေ တူးဖော်ရန် အတွက် ယမ်းဝယ်မည် ဆိုသောကြောင့် စိုင်းအိုက်ခမ်း၏ ဇနီး ဆိုသူ ဒေါ်ဥမ္မာခင် ကို ကျပ်ငွေ သိန်း ၂၇၀ ကို ပေးခဲ့ကြောင်း Mr. Wang Qiang က ပြောဆိုသည်။

အကြိမ်ကြိမ် ငွေတောင်းခံ မှုကြောင့် ဒုသမ္မတ နှင့် နီးစပ်သည့် ပုဂ္ဂိုလ် များကို စိုင်းအိုက်ခမ်း အကြောင်း မေးမြန်း သောအခါ ဆွေမျိုး တော်စပ်မှု မရှိသည်ကို သိခဲ့ သော်လည်း ပေးခဲ့သော ငွေများ လွန်နေ သောကြောင့် စောင့်ကြည့် နေခဲ့ကြောင်း၊ အောက်တိုဘာလ အတွင်းက အမေရိကန် ဒေါ်လာ ၁ဝ သန်းမျှ တန်ဖိုး ရှိသည့် ဘီ လုပ်ကွက် ဖြစ်သောကြောင့် အမေရိကန် ဒေါ်လာ ၃ သန်း ပေးမှ သာလျှင် ဝင်ရောက် တူးဖော်ခွင့် ရှိမည် ဖြစ်ပြီး ကျန်ငွေကို မပေးချေ ပါက ၄င်းတို့က လုပ်ငန်းမှ လက်တွဲ ဖြုတ်သွားမည် ဖြစ်ကြောင်း ဒေါ်ဥမ္မာခင်မှ ပြောဆို ခဲ့သဖြင့် ၎င်းတို့ကို မယုံကြည် သောကြောင့် တိုင်ကြား ခဲ့ကြောင်း ငွေ အလိမ် ခံရသူ တရုတ် နိုင်ငံသား က ပြောကြားသည်။

အဆိုပါ ဒုသမ္မတ ညီဟု လိမ်လည် ခဲ့သူနှင့် သူ၏ ဇနီး ဖြစ်သူကို ကမာရွတ် ရဲစခန်း (ပ)၅ဝ၃/၁၂ ၊ ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံး ထံမှ စုံစမ်း သိရှိရသည်။

No comments:

Post a Comment