ရန်ကုန်၊ နိုဝင်ဘာလ ၂၇
မြန်မာ နိုင်ငံတွင် ပထမဆုံး ကျင်းပမည့် လူ၁၀၀၀ခန့် ပါဝင်မည့် အပြည်ပြည် ဆိုင်ရာ မာရသွန် ပြိုင်ပွဲကို ရန်ကုန်မြို့ တွင် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက် တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း ပူးပေါင်း ကျင်းပမည့် FMI ကုမ္ပဏီ ထံမှ စုံစမ်း သိရသည်။
ပြိုင်ပွဲ ဝင်ကြေး များမှာ မြန်မာ နိုင်ငံသား များ အတွက် ငွေကျပ် (၅၀၀၀) ဖြစ်ပြီး၊ နိုင်ငံခြားသား များကို ပြိုင်ပွဲ အမျိုးအစား ပေါ် မူတည်၍ ကန်ဒေါ်လာ ၄၂ ဒေါ်လာမှ ၂၂ ဒေါ်လာ အထိ သတ်မှတ် ထားပြီး ပြိုင်ပွဲမှ ရရှိသော ပြိုင်ပွဲ ဝင်ကြေး များကို ပရဟိတ လုပ်ငန်း များနှင့် အစိုးရ မဟုတ်သော အဖွဲ့ အစည်းများ (NGO) များထံ လှူဒါန်း သွားမည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီ ထုတ်ပြန်ချက် အရ သိရသည်။
အဆိုပါ မာရသွန် ပြိုင်ပွဲကို ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ FMI Co.,Ltd. နှင့် Yoma Strategic Holdings ကုမ္ပဏီတို့ ပူးပေါင်း ကျင်းပမည် ဖြစ်ကြောင်း FMI ကုမ္ပဏီ ၏ ထုတ်ပြန်ချက် အရ သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ၄၂ ကီလိုမီတာ မာရသွန် ပြေးပွဲ တစ်မျိုးနှင့်၊ ၁၀ ကီလိုမီတာ၊ ၃ ကီလိုမီတာ တာတို ပြေးပွဲ နှစ်မျိုးတို့ ပါဝင်မည် ဖြစ်ပြီး ပြည်တွင်း ပြည်ပမှ အပြေးသမား တစ်ထောင်ကျော် ခန့် ဝင်ရောက် ယှဉ်ပြိုင် မည်ဟု ခန့်မှန်း ထားကြောင်း အဆိုပါ ထုတ်ပြန်ချက် တွင် ပါဝင်သည်။ ယင်းပြိုင်ပွဲ ကို ပြည်သူ့ ရင်ပြင်မှ စတင်ပြီး၊ ပြည်လမ်း၊ ဓမ္မ စေတီလမ်း၊ အင်းလျားလမ်း၊ ပါရမီလမ်း၊ သမိုင်း လမ်းဆုံ၊ ဘုရင့်နောင် လမ်းဆုံ၊ ပန်းလှိုင် ဂေါက်ကွင်း၊ ကမ္ဘာအေး ဘုရားလမ်း နှင့် တက္ကသိုလ် ရိပ်သာလမ်း စသည့် လမ်းကြောင်း များတွင် ကျင်းပမည် ဖြစ်ကြောင်း FMI ကုမ္ပဏီ ထံမှ သိရသည်။
ပြိုင်ပွဲ ဝင်လို သူများ အနေဖြင့် ဗိုလ်ချုပ် အောင်ဆန်း လမ်းမ ပေါ်ရှိ ဂရင်း မီးရထား ဟိုတယ်တွင် စာရင်း ပေးသွင်း နိုင်ကြောင်း ယင်းကုမ္ပဏီ ထံမှ သိရှိ ရသည်။

No comments:
Post a Comment